Showing posts with label Kyaing Tong. Show all posts
Showing posts with label Kyaing Tong. Show all posts

Sunday, January 24, 2010

ကျိုင်းတုံသို့ ၅ - 23 April 2009

မနက်နိုးပြီး အနီးအနားက လမ်းတွေမှာ လျှောက်ကြည့်နေရင်း ပါပါး၊ မာမား အသိတွေ အသိတွေ နှုတ်ဆက်လိုက်ရတာ မှတ်တောင်မမှတ်မိတော့ဘူး။ လမ်းဘေးလက်သွန်းလှည်းဆိုင်ကပဲ တိုဖူနွေး စားလိုက်တယ်။ အစီအစဉ်အရဆိုရင်တော့ ၈ နာရီမှာကားလာခေါ်မယ်။ ကားက ၉နာရီမှရောက်လာပြီ၊ တစ်ချို လူတွေက ပါမစ်မယူရသေးဘူးလေ။ နောက်ဆုံးကားက ၁၀နာရီလောက်မှ ထွက်ဖြစ်တယ်။ စုစုပေါင်း ၁၀ယောက်။ ကားတစ်စီးကို ဘတ် ၆၅၀၀။ ကားက ယိုးဒယားဘက်ကကား၊ ယိုးဒယားနံပါတ်နဲ့လေ။ မဆိုးပါဘူး၊ ဂိတ်ရောက်တိုင်း ကားဆရာကကိုင်တိုင်ဆင်းပြီး ကျွန်တော်တို့ ရဲ့ စာရွတ်လေးကို အတုံးသွားထုပေးတယ်။ ဂိတ်တစ်ခုမှာတော့ အရာရှိတစ်ယောက်က တံခါးတစ်ခက်လာဖွင့်ပြီး ကြည့်သွားသေးတယ်။

ဒီလမ်းမှာ ဆင်းရဲဒုက္ခ၊ ပြသာနာပေါင်းစုံ ခံစားဖူးတဲ့ လူတွေကတော့ ဖြောင့်ဖြူး ကောင်းမွန်နေတဲ့ ကားလမ်းမှာ အမြန်မောင်းနေတဲ့ ကားပေါ်ကနေ ခံစားမှုပေါင်းစုံနဲ့  စကားစမည်ပြောနေကြတယ်။ ကျွန်တော်ကတော့ ဘာမှမမှတ်မိတော့ဘူးဆိုတော့ မထူးဆန်းသလိုပါပဲ။ လမ်းတစ်ဝက်လောက်ကြတော့ စားကြသောက်ကြပေါ့။

အရင်ရေပူစမ်းက မြို့မ၀င်ခင်လေးမှာရှိတယ်။ ကြုံတယ်ဆိုပြီတော့ ကားဆရာကို ၀င်ခိုင်းလိုက်တယ်။ အခုတော့လဲ သင်ခါရ သဘောအတိုင်းပဲ ဆုတ်ပြတ်ပြီး လူတောင်မရှိတော့ဘူး။ မြို့ရဲ့အခြားတစ်ဖက်မှာ အသစ်တစ်ခု တွေ့ တယ်လို့ ပဲ ပြောကြတယ်။ ကျွန်တော် ရဲ့ မျက်စိ အရိပ်ထဲမှာတော့ အရင်က ကစားခဲ့ဘူးတဲ့ သီးသန့်ရေကူးကန်သေးသေးလေးနဲ့  ရေချိုးခန်းလေးတွေကို မြင်နေမိတာ အမှန်ပါပဲ။ ကြက်ဥတွေကိုလဲ ရေပူတွေကို မြောင်းနဲ့ရေလာအောင်လုပ်ထားတဲ့ နေရာလေးမှာ ပြုတ်တာမှတ်မိသေးတယ်။ ဒီကထွက်လာတော့ ချက်ချင်းနီးပါး မြို့ထဲရောက်သွားတော့ အံ့သြနေကြတယ်။ အရင်က ဒီကိုလာရင် အဝေးကြီးလို့ ထင်နေကြတယ်။ ဒီလို ဖြစ်ရပ်တွေ တောက်လျှောက်တွေ့တော့မည် ဖြစ်ပါသည်။


ကြက်ဥပြုတ်ခဲ့ဖူးတဲ့ နေရာပဲဖြစ်မှာပါ။


မတ်တတ်ရပ် ရေချိုးခန်းများ



မမှတ်မိတော့ဘူး။

ကျိုင်းတုံကိုရောက်ပါပြီ။

Sunday, August 9, 2009

ကျိုင်းတုံသို့ 4 - မဲ့ဆိုင် နှင့် တာချီလိတ် - 22 April 2009

ရွှေတြိဂံက ပြန်လာပြီးတော့ မဲ့ဆိုင်မြို့ လေးထဲက ပါပါးတပည့် အခြားတစ်ယောက်ဆိုင်မှာပဲ နေ့ လည်စာစားသောက်ကြပါတယ်။ စားသောက်ပြီးတော့ နေ့ ခင်းကြောင်တောင်ကြီးဆိုတော့ လူကြီးတွေကို ဆိုင်မှာပဲ နေပြီး စကားပြော နေခဲ့ဖို့ ပြောပြီး ကျွန်တော့တို့ က အပြင်ထွက်လာကြတယ်။ ပါပါးကတော့ လေယာဉ်ပေါ်ကဆင်းကတည်းက ပြောလိုက်ရတဲ့ စကားက အသံဝင်သွားတဲ့ အထိပဲ။ (နောက် ၂ ရက် အကြာ 24 April မှာ တကယ်ကို အသံဝင်သွားပါတယ် ခင်ဗျား) ကိုကိုး နဲ့ ကျဲကျဲက သူတို့  အလုပ်လုပ်ဖူးတဲ့ ဆိုင်တို့  နေဖူးနေတဲ့ နေရာတို့ ကို ကြည့် ပြီး ပီတိတွေ ဖြစ်နေတာပေါ့။ ကျွန်တော်ကတော့ ရောက်ဖူးတယ် ဆိုပေမဲ့ ငယ်လွန်းတော့ ဘာမှ ခေါင်းထဲမှာ မရှိဘူး။ ဈေးထဲသွားပြီး လျှောက်ကြည့် ပြီး သဘော်သီးသုတ်စား မြင်းခွာရည် သောက်ကြတာပေါ့။


နှစ်နိုင်ငံသွား တုတ်တုတ်လေးပါ

ညနေ ၄ နာရီလောက်ကျတော့ မဲ့ဆိုင်ကနေ တာချီလိတ်ဘက်ကို ကူးဖို့ အသင့် ဖြစ်ပြီး ပါပါး သူငယ်ချင်းတပည့် စုစုတစ်ယောက်က တုတ်တုတ်တစ်စီးငှားပြီး ပစ္စည်းအကုန်တင်လိုက်တော့ သယ်စရာမလိုတော့ဘူးလေ။ နောက်သူပဲ လိုက်ပို့ ပြီး ယိုးဒယား လူဝင်မှုကြီးကြပ်ရေးကိုဖြတ်ပြီး တံတားပေါ်ရောက်တော့ ပါပါးတပည့် အာရီးတစ်ယောက်လာကြိုတယ်။ သူက တော်တော်ပိုင်တော့ အားလုံးနီးပါးလုပ်ထားပြီးသား။ ဓါတ်ပုံလေး ရိုက်ပြီးတော့ အပြင်မှာ ခဏစောင့်လိုက်တာနဲ့ အားလုံးအိုကေသွားတယ်။ တံတားပေါ်က ဆင်းလိုက်တဲ့ ဈေးတန်းထဲ ၀င်လိုက်တာနဲ့ လှုပ်လို့ တောင်မရတော့ဘူးဗျာ။ ဆိုင်တိုင်းလိုလိုမှာ ပါပါးနဲ့ မာမားကို သိတဲ့လူတွေက ထွက်ပြီးနှုတ်ဆက်လိုက်တာ ပျော်စရာကြီးပါ။ အရှေ့ကိုဖြေးဖြေးချင်းတိုးနေတာ ခရီးတွင်မှာ မဟုတ်တာနဲ့  အာရီးတစ်ယောက်က နောက်မှပြော၊ ညမှပြော ဆိုပြီးအတင်းခေါ်ထုတ်လိုက်ပြီး ကမ်းနားဟိုတယ်ကို ရောက်လာပါတယ်။ (ကမ်းနားဟိုတယ်က ပါပါးတပည့်ဖွင့်ထားတဲ့  ဆိုင်ပါ။) သူမဟိုတယ်က ယိုးဒယားနဲ့ ချောင်း (မြောင်း) တစ်ခုပဲခြားပါတယ်။


နေမ၀င်ခင် ကမ်းနားဟိုတယ်


ဟိုဖတ်ခြမ်းက ယိုးဒယားပါ

ကျွန်တော်တို့  ခဏနားပြီးတော့ သူတို့ က ကားနဲ့ လာခေါ်ပါတယ်။ စားသောက်ဆိုင်တစ်ခု (Regina) မှာ ပါပါးတို့ ကို ကြိုဆိုပွဲလေးပေါ့။ နောက်မှ သိတာက စားသောက်ဆိုင် အောက်မှာ Casino ရှိတယ်တဲ့။ စောစောသိရင် အလှူလေးပါလေး ထားခဲ့မလို့ ပါ။ စားဝိုင်း ၃ ၀ိုင်းပါ။ သူငယ်ချင်းတွေ၊ တပည့်တွေ ၀ိုင်းနှုတ်ဆက်ကြတာ ပါပါးဆို နောက်ဆုံးဘယ်သူက ဘယ်သူမှန်းတောင် မသိတော့ဘူး။ သူတို့ တွေက လာနေကြနဲ့ တူတယ်၊ သီချင်းတက်ဆိုလိုက် ကလိုက်နဲ့  သူတို့ ကို သူတို့ လဲ ပျော်နေတာပဲ။ ကိုကိုးနဲ့  ကျဲကျဲကို တော့ လူတိုင်းနီးပါးသိပြီ နှုတ်ဆက်ကြပါတယ်။ ကိုကိုးရုပ်က အနှစ်၂၀ ပြောင်းမှမပြောင်းတာ။ ကျဲကျဲကလဲ မာမားငယ်ငယ်တုန်းက ရုပ်နဲ့ တော်တော်တူတော့ ကိုကိုးနဲ့  အတူနေရင် လူတိုင်းက သားသားနဲ့ မီးမီး ဆိုတာသိတယ်။ ကျွန်တော့ ကိုတော့ ၁၀ ယောက်မှာ ၉ယောက်ခွဲ မသိပါဘူး။ အင်းပေါ့လေ ကျိုင်းတုံကထွက်သွားတုန်းက ကျွန်တော်က ၄ပေ လောက်ပဲ ရှိတဲ့ ၅နှစ်သား ကလေး ငချွတ်။ အခုတော့ ၅ ပေ ၉ လက်မ ရှိတဲ့ (ကြော်ငြာဝင်သွားတာပါ) လူငယ်လေး (ဒါလဲကြေငြာပဲ) ပေါ့လေ။ (ကျွန်တော့ တို့ရဲ့ ဆင်ဖြူတော် (ပါပါးနှင့် မာမား)ကို မီပြီး ကြံစုတ်ရတဲ့ ခရီးစင် စပါပြီး) စားပြီးသောက်ပြီး အားလုံးကို နှုတ်ဆက်ပြီး လိုက်ပို့ တဲ့ကားလေးနဲ့  ဟိုတယ်ကို ပြန်ပြီးအိပ်ကြတာပေါ့။ မနေ့ ညက မအိပ်လိုက်ရတဲ့ ဒုက္ခကို ဒီညမှပဲ ကုတင်ပေါ်မှာ ကောင်းကောင်း အိပ်ရတော့မယ်။

ယိုးဒယားကနေ တာချီလိတ်ကို ကူးဖို့  လုံးဝကူညီပေးသော စုစု နှင့် အာရီး သော်လည်းကောင်း၊ ဟိုတယ်ဖိုး မယူလိုက်တဲ့ အာရီး သော်လည်းကောင်း၊ ညစာကျွေးလိုက်တော့ အားလုံးအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။


စာခါနီးလေး


အားလုံးအားလုံး ဆိုတာ သူတို့ ပါ။

အပို
အရင်တုန်းက မဲ့ဆိုင်နဲ့  တာချီလိတ်ကို ဘာစာရွတ်စာတန်းမှ မလိုဘူးလိုပဲ (မှတ်မိသလောက်ပါ၊ မှားရင်မှားမယ်နော်။) အခု ပတ်စပို့ စ်ကိုင်ထားရင် (မြန်မာစာအုပ်ကလွဲလို့ ) ယိုးဒယားက ထွက်တဲ့ အခါ အထွက်တုံးထုတယ်။ ပြီးရင် နယ်စပ်တံတားပေါ်မှာ ကားလမ်းကူးရတယ်။ အကြောင်းက မြန်မာနဲ့  ယိုးဒယားကားလမ်းက ပြောင်းပြန်လေ။ ပြီးရင် မြန်မာ လူဝင်မှုကြီးကြပ်ရေးကို ၀င်ရပါတယ်။ အဲဒီမှာ ပတ်စပို့ စ်ကို ထားခဲ့ရပါတယ်။ ၀က်ကင် နဲ့  ဓါတ်ပုံ ရိုက်ပြီး စာရွတ် (စက္ကူ)တစ်ရွတ်ထုတ်ပေးပါတယ်။ ပတ် ၅၀၀ ပေးရသလိုပဲ။ အဲဒီ စာရွတ်နဲ့ တာချီလိတ်၊ ကျိုင်းတုံ နှင့် မုန်းလိုင်းကို သွားလို့ ရတယ်။ နှစ်ပတ် ရပါတယ်။ ဒီစာရွတ်က အရေးကြီးတယ် ကားစီးပြီး ကျိုင်းတုံသွားရင် ကားသမားက ဒီစာရွတ်နဲ့  အတုံးပေါင်းစုံကို လမ်းတစ်လျှောက် ထုရတယ်။ ဟိုတယ်က ဧည့်စာရင်းတိုင်ရမယ်။ နောက်ဆုံး မြန်မာပြည်က ထွက်ရင် ပတ်စပို့ စ်ပြန်ထုတ်လို့ ရမှာ။

ကျိုင်းတုံသို့ ၃ - ရွှေတြိဂံ - 22 April 2009

နံနက်စာ စားသောက်ပြီး မဲ့ဆိုင်ကို အရင်သွားပြီး ပတ်စပို့ ဒ်တွေသွားပေးပြီးနောက် ရွှေတြိဂံကို ပြန်ထွက်လာကြတယ်။



ရွှေတြိဂံ - အရမ်းကို လျှို့ ဝှက်ဆန်းကြယ်ပြီး ကမ္ဘာကျော်နေရာတစ်ခုပါ။ လျှို့ ဝှက်ဆန်းကြယ်တယ် ဆိုတာက အရင်းတုန်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကမ္ဘာကျော်ရတဲ့ အကြောင်းရင်းက ဘိန်းထွက်လို့ ပဲ။ အမှန်ပြောရရင် ရွှေတြိဂံက ဘိန်းမထွက်ပါဘူး။ ဒါကိုတော့ ကျွန်တော်အရင်ကတည်းက သိပါတယ်။ သူအနီးအနားက တောင်တန်းတွေနဲ့ ရွာတွေမှာပဲ စိုက်ကြပျိုးကြတာပါ။

အခုခေတ်ကြီးမှာ လူတိုင်းသွားလည်လို့ ရတဲ့ နေရာဖြစ်နေပါပြီ။ မြန်မာပြည်ဘက်ကတော့ မရသေးဘူးထင်တယ်။ ကျွန်တော်တို့ က ထိုင်းဘက်ကသွားတာ။ ဟိုနားရောက်ခါနီး လမ်းပေါ်မှာ သူတို့ က ဟိုနားက အဆောက်အအုံတွေက လောင်းကစားဝိုင်းပဲတဲ့၊ နေရာကတော့ မြန်မာပြည်ပေါ်မှာတဲ့။ ခဏနေတော့ ရွှေဘုရား ကြီးကြီးတစ်ဆူကို ရောက်ပြီး အဲဒီမှာပဲ ဆင်းပြီး ရှူခင်းတွေကြည့်ကျတာပေါ့။ အဲဒီကနေ နိုင်ငံသုံးနိုင်ငံ၊ မဲခေါင်မြစ် နှင့် မြန်မာ ယိုးဒယားကြားက ချောင်းတစ်ခုကိုကောင်းကောင်း မြင်ရတယ်။ ပြီးတော့ သူတို့ ကထပ်ရှင်းပြတယ် .. ဟိုနားကအဆောက်အအုံတွေက လောင်းကစားဝိုင်းအတွက်ဆောက်နေကြတာတဲ့၊ အဲ မတူတာကတော့ အခု အသစ်တွေက လောနိုင်ငံ အပေါ်မှာပါ။ ကျွန်တော်ကလဲ စပ်စုပြီး ဒီလောက် လောင်းကစားဝိုင်းတွေဆောက်တာ အဓိကဘယ်သူတွေလာ ကြလဲလို့  မေးလိုက်တော့ သူတို့ ကပြန်မေးတယ်။ ကမ္ဘာပေါ်မှာ လောင်းကစား အလုပ်ဆုံးက ဘယ်လူမျိုးလဲတဲ့။ အမ် နေရင်းထိုင်ရင်း ကျုပ်တို့ လူမျိုး ကဘာလို့ ပါလာပါလိမ့်လို့ ။ နောက်တော့မှသူတို့ ထပ်ပြောတယ်၊ ပိုင်ရှင်တွေက တရုတ်တွေတဲ့။ ဒီအချိန်မှာ ကျွန်တော်နားလည်လိုက်ပါပြီ။ ဟောင်ကောင်မှာတုန်းက ပါပါးက ပြောဘူးတယ်။ တရုတ်နိုင်ငံအပေါ်မှာ လောင်းကစားလုပ်လို့ မရလို့  နယ်စပ်အနီးအနားမှာ ရှာကျန်ပြီး လောင်းကစားဝိုင်းလုပ်ကျတာပါ။ (ဒီလို နေရာမျိုးတွေက တရုတ်ပြည် နယ်စပ် တောက်လျှောက်နီးပါးရှိတယ်။) ဒီမှာအတွက်ကတော့ တရုတ်ပြည်က တရုတ်တွေက တရုတ်ပြည်ကနေ မဲခေါင်မြစ်အတိုင်း Turbo Jet သဘောင်္တွေနဲ့ ဆင်းလာပြီး ရွှေတြိဂံမှာ ကစားကြတာတဲ့။ သေဘာၤက ၁ နာရီလား ၂နာရီပဲလားမသိဘူး စီးရတာတဲ့။


ရွှေတြိဂံ နှင့် ပတ်သက်နေသော နိုင်ငံ လေးခု



အခု ရွှေတြိဂံမှာ ဘာရှိလဲလို့  မေးရင် နိုင်ငံ သုံးနိုင်ငံ။ မဲခေါင်မြစ်နဲ့  ဒီမြစ်ထဲကို စီးဝင်တဲ့ ချောင်းကလေး တစ်ချောင်းရှိတယ်။ ပြီးရင် တော့ လောင်းကစားဝိုင်းရှိတယ်လို့ ပဲ ပြောရမှာပေါ့။ ဘိန်းပင်ကတော့ ကျွန်တော် မတွေ့ ခဲ့ရလို့  မသိဘူးလို့  ဖြေချင်ပါတယ်။

Saturday, July 18, 2009

ကျိုင်းတုံသို့ ၂ - ချင်းလိုင်းမှ - 22 April 2009

လေဆိပ်ကထွက်လာတော့ လာကြိုသူ ပါပါးရဲ့ ကျောင်းသူ "မူလီကျန်း" အာရီးနှင့် သူ့ သမီးချောချောလေး ရောက်နေပါတယ်။ နောက်ကားတစ်စီး လာဖို့ ရှိသေးတယ်ဆိုတာနဲ့  လေဆိပ်အ၀မှာပဲ ရပ်ပြီး စကားပြော နေကြတဲ့အချိန်မှာပဲ ရဲသား လေးယောက်လောက် နိုင်ငံတော်အလံတိုင်ဆီကို ချီတက်နေတာတွေ့ လိုက်ရတယ်။ ခဏအကြာမှာ ကမ္ဘာကြီးတစ်ခုလုံး ရပ်တံသွား သလို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားတယ်။ ပါပါးတို့ ကိုကြည့်တော့လဲ မတ်မတ်ကြီးရပ်နေကျပြီး စကားလဲမပြောကြဘူး။ ရုပ်ရှင်ထဲကလိုများ ဖြစ်သွားသလားလို့  စဉ်းစားနေတုံး သီချင်းသံ ရေးရေးလေးတော့ ကြားနေတော့ မဟုတ်လောက်ပါဘူးလေလို့ ။ ခဏနေတော့ အစ်ကိုလျှောက်လာပြီး နင်အဖမ်းခံရမယ်နော်လို့  နောက်သလိုလို လာပြောတော့ ဘာဖြစ်တာလဲလို့ မေးလိုက်မှ ထိုင်းမှာက နံနက် ၈နာရီဆို တစ်နိုင်ငံလုံး နိုင်ငံတော် သီချင်းဆိုတယ်တဲ့။ အဲဒီ အချိန်ဆိုရင် ငြိမ်ငြိမ်လေး ရပ်နေပြီး ဂါဝရပြုကျတယ်။ (လေးစားထိုက်တဲ့ အပြုအမှုတစ်ခုပါ။)

အခြား ပါပါး တပည့်တစ်ယောက်နှင့် သားရောက်ပြီးတော့ ချင်းလိုင်းကနေ မဲ့ဆိုင်ကို ကားနှစ်စီး နဲ့ အတူတူချီတက်ကြပါပြီ။ ချင်းလိုင်းကနေ မဲ့ဆိုင်ကို ကားနဲ့ ဆိုရင် ၁ နာရီလောက်ပဲမောင်းရပါတယ်။ ကားလမ်းကတော့ ကျယ်လဲကျယ် ကောင်းလဲကောင်း ရှင်းလဲရှင်း ဆိုတော့ ကီလို ၁၀၀ ကနေကို မဆင်းတော့ဘူး။ လမ်းအလယ်က မီးတိုင်ကလဲ တောက်လျှောက် မြင်ရတယ်လေ။ လျှပ်စစ်မီးနဲ့  လမ်းပန်းဆက်သွယ်ရေးက နိုင်ငံတစ်နိုင်ငံ တိုးတက်မှု ရဲ့အခြေအခံပဲ မဟုတ်ပဲလား။ ယိုးဒယားရဲ့ တိုးတက်မှုက မျက်မြင်ထင်ထင်ကြီး မြင်နေရတော့ အော် တစ်ချိန်တစ်ခါက ငါတို့  နိုင်ငံလောက်တောင် မတိုးတက်တဲ့ နိုင်ငံ၊ ဆန်မလောက်လို့  ငါတို့ စီကနေ ပြန်သွင်းနေရတဲ့ နိုင်ငံ ဒီလို တောင်ဖြစ်နေပါလားလို့ ။ (ဆောရီး ဆောရီး နိုင်ငံရေးနဲနဲ ပါသွားတယ်။)



(ကြည့်ကျပါအုံး လမ်းကြီးကို)

လမ်းတ၀က်ကျော် (မဲ့ဆိုင် အဝေးပြေးကားဂိတ်နား) က ဆိုင်တစ်ဆိုင်မှာ မနက်စာဝါးကြတာပေါ့ကွယ်။







ပြီးရင် ရွှေတြိဂံ သွားမယ်။ နောက်ပို့ ဒ် မျှော်။

Monday, May 25, 2009

ကျိုင်းတုံသို့  ၁ - လေဆိပ် ၃ ခု

၁၂ နာရီအတွင်းမှာ လေဆိပ် ၃ ခုကိုရောက်လိုက်ရတယ်။ ပြောရရင်တော့လဲ သိပ်မထူးဆန်းပါဘူးလေ။


လေဆိပ် ၁ - ဟောင်ကောင်လေဆိပ်
လေဆိပ်ကို အစ်ကိုကောင်းမှုနဲ့  မာစီးတီး စီးပြီး သွားလိုက်ရတယ်။ အလကားစီးရတယ် ဆိုပေမဲ့လဲ ကားဆရာကို တစ်ပ် ၅၀ပေးလိုက်ပါတယ်။ လေဆိပ် Terminal 2 မှာလူစုံတော့ Check In လုပ်ပြီး Food Court မှာ ညစာသွားစားလိုက်တယ်။ စားပြီးတော့ Terminal 2 ကနေ ရထားစီးပြီး Terminal 1 ကိုသွားလိုက်တယ်။ စောနေသေးတာနဲ့ ရထားကို ဆက်မစီးပဲ တစ်ဝက်ကနေ ဆင်းပြီး "Y" ပုံစံ အဆောက်အအုံ ရှိတဲ့ Terminal 1 ကို အစကနေစလျှောက်တယ်လေ။ ဘတ်ကျပ် အဲလိုင်းပီပီ ဟိုအဝေးဆုံးမှာ သွားစီးရတယ်။ ဂိတ်ရောက်တော့ လေယာဉ်ကဆိုက်နေပြီ။ လူတွေတောင် မဆင်းသေးပေမဲ့ တက်မဲ့ ခရီးသည်တွေကို တန်းစီးခိုင်းနေပြီး ဆင်းတဲ့ လူတွေကုန်လို့  ၁၀ မိနစ်တောင်မကြာလိုက်ဘူး၊ စတက်လို့ ရပါပြီ။ ကျွန်တော်တော့ ထိုင်လို့  ၅မိနစ်တောင်မရှိသေးဘူး လေယာဉ်က တံခါးပိတ်ပြီး စထွက်နေပြီ၊၊ သဘောပေါက်လိုက်တာက ဟောင်ကောင်မှာ ဒီလေယာဉ်ကြာကြာနေရင် ပိုက်ဆံပိုပေးရမှာ ဆိုးလို့ ပဲ။ ည ၈း၄၅ အချိန်မှန်စွာ လေယာဉ်ထွက်ပါတော့သည်။
လေယာဉ်ပေါ်မှာ လေယာဉ်စာမကျွေးပေမဲ့ အစာစားနဲ့  အအေးတွေလိုက် ရောင်းပါတယ်။ ညစာစားပြီးသားဆိုတော့ အအေးဝယ်သောက်မိတယ်။ ထင်ထားသလို ကောင်းကင်ပေါ်မှာ ၀ယ်တယ်ဆိုတော့ အရမ်းဈေးကြီးမယ်ထင်နေတယ်၊ ထင်သလောက် ဈေးမကြီးပါဘူး။ အအေးတွေက ဟောင်ကောင် ၁၀ ပဲ။ စားစရာတွေက ဟောင်ကောင် ၂၅လောက်ပဲ ကျတယ်။ မဆိုးပါဘူး။


ဟိုတယ် လင်မွန်ဆင်း (မားစီးတီးကားပါ ခင်ဗျား)


(Hong Kong လေဆိပ် Terminal 1 ရဲ့ "Y" အစ - ရး၅၀)


(လေယာဉ်ပေါ်တက်ခါနီး - ၈း၁၂)

လေဆိပ် ၂ - ဘန်ကောက်လေဆိပ်
နာရီဝက်လောက်စောပြီး ည ၁၁ တောင်မရှိသေးဘူး လေယာဉ်က ဘန်ကောက်ကိုရောက်လာတယ်။ နောက်နေ့  ၆း၃၀ မှာ ဒီလေဆိပ်ကနေပဲ ချင်းလိုင်း ကိုသွားဖို့ ဆိုတော့ အပြင်မထွက်တော့ဘူးလို့ ဆုံးဖြတ်ပြီး လေဆိပ်မှာပဲ နေလိုက်ပါတယ်။ ကော်ဖီဆိုင် တစ်ဆိုင်မှာ အစာနဲနဲစားပြီး နေရာကောင်းကောင်းမှာအိပ်ဖို့  လျှောက်ရှာကြည့် လိုက်တော့ Arrival ရဲ့ ဘယ်ဘက်အစွနှ်ဆုံးနေရာလေးက မဆိုးဘူးလေ။ (တခုသတိထားရမှာက ဘန်ကောက်လေဆိပ်က ညကျရင် International Arrival ဘက်ကို ၀င်ချင်တိုင်း ၀င်လို့ မရဘူး။ ပတ်စပို့ စ်ပြ မှပဲ သွားလို့ ရတယ်။) လူကကြောင်တောင်တောင်တွေဖြစ်ပြီး အိပ်လို့ မရလိုက်ပါဘူး။ အစ်ကိုလဲ မအိပ်ပဲ ကားတွေလျှောက်မေး၊ ဟိုတယ်တွေမေး ပြီးတော့ ဖုံးကဒ် ၁ ခုဝယ်လုပ်နေတယ်။ နောက်တော့ ကျွန်တော်လဲ အဆင်ပြေအောင် ဖုံးကဒ် နောက်တစ်ခု ၀ယ်လိုက်တယ်။ နံနက် ၄း၃၀ နာရီလောက်ရောက်တော့ Check In မှာပဲစောင့်တော့မယ်ဆိုပြီးတော့ ချီတက်သွားကြတယ်။ ၅း၃၀ လောက်မှာမှ Check In လုပ်ပြီး လေဆိပ်ထဲဝင်လာတာ ကျွန်တော်တို့ က အစောဆုံးပါပဲ။ (ဒီလို နောက်တခါ မဖြစ်အောင် စီစဉ်ရမယ်လို့ ပဲ ပြောလိုက်ပါတယ်လေ။) လေယာဉ်ကတော့ အချိန်မှန် ၆း၃၀ မှာပျံသန်းပါတော့တယ်။


(ဘန်ကောက်လေဆိပ်)


(လူတွေ ဘယ်မှာလဲ။)

လေဆိပ် ၃ - ချင်းလိုင်းလေဆိပ်
၁ နာရီ ၁၀ မိနစ်လောက်ပဲပျံလိုက်ရပြီး ချင်းလိုင်းလေဆိပ်လေးကို ဆိုက်ရောက်ပါတော့တယ်။ Local လေဆိပ်လေးဆိုတော့ သေးသေးလေးပါပဲ။ Tube နှစ်ခုရှိပေမဲ့ အဲဒီမှာ မရပ်ပါဘူး။ လေယာဉ်ကဆင်းတော့ နဲနဲလမ်းလျှောက်မှပဲ Terminal ထဲကိုရောက်တယ်။ ပစ္စည်းတွေက ချက်ချင်းနီးပါး ရောက်လာတယ်။ ဘုရားလေးတစ်ဆူ ရှိတော့ ဒီခရီး အစစအရာရာ အဆင်ပြေပါစေလို့  ဆုတောင်းပြီး ကျွန်တော်တို့ ရဲ့ ခရီးစင်ကို စလိုက်ပါတော့တယ်။


(ချင်းလိုင်းလေဆိပ်လေးပါ။)


Tuesday, May 19, 2009

ကျိုင်းတုံ သွားခါနီးနှင့် ပြန်လာပြီးသောအခါ

ပြန်လာပြီးသောအခါ
ကျိုင်းတုံက ပြန်လာတာ ၂ ပတ်တောင်ကျော်သွား ပေမဲ့ လုံးဝကို မအားဘူးလေ။ ဘာတွေလုပ်နေလဲဆိုတော့လဲ ဘာမှရေရေ ရာရာ မရှိဘူး။ ပြန်လာကတည်းက ဗိုက်ကလဲ သိတ်မကောင်းတာ ဒီနေ့ အထိပဲ။ (မြန်မာပြည်နဲ့  ယိုးဒယားမှာ ဘာမှ မဖြစ်ပဲ ဟောင်ကောင်ပြန်လာမှ မအီမလဲ ဖြစ်နေတယ်။) နောက်လုံးဝ မအားရတဲ့ အကြောင်းရင်းက ဓါတ်ပုံကြောင့်ပါပဲ။ မြန်မာပြည်မှာ ပုံပေါင်း ၃၀၀၀ ကျော်၊ ယိုးဒယားမှာ ၂၀၀၀ ကျော် ကို ကင်မရာ ၀ရန်တီရှိတုံး အားရပါးရရိုက်လိုက်တယ်။ သူငယ်ချင်းတစ်ယောက်က ပြောဘူးတယ် DSLR ကို DC လိုမသုံးပါနဲ့ တဲ့။ Setting တွေဘာတွေနဲ့ ရိုက်လို့ ပြောပေမဲ့ ဒီတစ်ခေါက်ကတော့ Quality ထက်စာရင် Quantity ကိုဦးစားပေးလိုက်ပါတယ်။
ပြန်ရောက်တဲ့နေ့ ကဆိုရင် မိုးကလဲချုပ်၊ လူကလဲပင်ပန်း၊ နောက်နေ့ ရုံးကလဲရှိတော့ ဓါတ်ပုံတွေကို ပြန်တောင်မကြည့်နိုင်ပဲ အိပ်လိုက်ရတယ်။ နောက်နေ့ ရုံးကဆင်းတော့ ဓါတ်ပုံထုတ်မယ်ပဲရှိသေးတယ် မျှော်နေသူ ကို TZA ကတောင်းတော့တာပဲ။ သူကလဲ မျှော်နေတာ ကြာရော့ပေါ့၊ ဒီကလဲ ကျိုင်းတုံက ထွက်လာပြီး ဖြောင့်ဖြောင့်မတ်မတ် ပြန်မလာပဲ ယိုးဒယားမှာ ၁ ပတ်လောက် သဝေထိုးနေတာကို။ ဒီကထုတ် ဟိုကိုပေး (ပေးဆိုလို့  Gtalk ထဲကိုပဲ ပုံတွေဆွဲဆွဲပေးနိုင်တယ်။ သူကတော့ resize ပါလား gmail ပါလားလို့ ပြောပေမဲ့ ကိုယ်ကလဲ ကိုယ်ဒုက္ခနဲ့ ကိုယ်)။ ထုတ်လိုက် ပေးလိုက် ချက်လိုက် ပြုတ်လိုက် ကျော်လိုက် .. ရင်း HDD က Full သွားရော။ ဒီတော့ကာ External HDD ကိုပုံအဟောင်းတွေရွေ့ ရပြန်ရော။ ၃ ရက်လောက်ကြာမှပဲ မျော်နေသူ ကို TZA ကို Resize လုပ်ပြီးပို့ ပေးနိုင်တော့တယ်။ နောက် webshot ပေါ်တို့  Facebook ပေါ်တို့  upload၊ ကျန်နေသော မျှော်နေသူ ကို Share လုပ်။ ဒီ ၃၊ ၄ ရက်မှပဲ မကောင်းတဲ့ပုံတွေကို Delete လုပ်နိုင်တော့တယ်။ ဇတ်လမ်းကမပြီးသေးဘူး၊ ပုံတွေကို DVD မှာ မီးရှို့ပေးရအုံးမယ်၊ ဆိုင်မှာကူးဖို့  ရွေးရအုံးမယ်။ အမှတ်တရလေး ဖြစ်သွားအောင် ပါးပါးကို သမိုင်းကြောင်းနဲနဲရေးခိုင်းပြီး DVD မှာတစ်ခါထဲ ထည့်ပေးရအုံးမယ်။ အခုပြောနေတာယိုးဒယားပုံတွေ မပါသေးဘူး။ ဒီ weekend မှာတော့ အကုန်လုံးနီးပါးကို အဆုံးသတ်ဖို့  စဉ်းစားထားတယ်။ ကျွန်တော့ DSLR ကလဲ ပြန်လာကတည်းက အသားမည်းသွားလို့ လား မသိဘူး၊ အိမ်တွင်းပုံးလုပ်နေတာ တစ်ခါမှကို အပြင်မထွက်ရသေးဘူး။ (အသက်တော့ ရှိသေးမယ် ထင်တယ် .. ဟီဟီ)


သွားခါနီး
4G တစ်ကဒ် အပြင်ကို သွားခါနီး 8G တစ်ကဒ်ဝယ်လိုက်တယ်။ သွားတဲ့နေ့ က အစ်ကိုက သူကင်မရာ အတွက် 4G တစ်ကဒ်ဝယ်ပြီးမှ သူ့ ကင်မရာက Max 2G ပဲ support တယ်ဆိုပြီး ကျွန်တော်ကိုပေးတော့လဲ အားနာနာနဲ့ ယူလိုက်တာပေါ့။ ချုံပြောရရင်တော့ Trip တစ်ခုလုံး 16G ကိုသိတ်မလောက်ချင်ဘူး။ ပြန်တဲ့ နောက်ဆုံးနေ့ ကဆိုရင် ထပ်ရိုက်စရာမရှိမှာစိုးလို့  နဲနဲတောင် Delete လုပ်လိုက်ရသေးတယ်။


Sunday, April 19, 2009

ကျိုင်းတုံ - စောင့်နေပါ

မရေးတာကြာပြီ ဖြစ်တဲ့အတွက် ရေးလိုက်ပါပြီ။

ကျွန်တော် ကျိုင်းတုံပြန်လည်ဖို့  နေ့ရက်တော့ နီးတထက်ထက် နီးလာပြီ။ နောက်ဆုံးတစ်ခေါက် ကျိုင်းတုံကထွက်လာတာကို မမှတ်မိတာတော့ အမှန်ပဲ။ ခန့် မှန်းခြေပြောရရင်တော့ ၂၁ နှစ်ရှိပြီလို့ ထင်တာပဲလေ။