Thursday, July 2, 2009

July 1

၁ ဇူလိုင်

* ၂၀၀၉ ခုနစ်ရဲ့ နှစ်ဝက်တိတိ ကျိုးလာပါပြီ။ ပြီးခဲ့တဲ့ ၆လကို ပြန်လည်စီရင်သုံးသပ်ပြီး နောက် ၆လမှာ ဘာလုပ်မလဲလို့  တွေးကြည့်လိုက်သောအခါ...

၂၀၀၉ မှာ ပြီးခဲ့တဲ့ ၆လ ဘာတွေလုပ်ခဲ့လဲ။
၁) ကျိုင်းတုံကို မပြန်ဖြစ်တာ ၂၅ နှစ်နောက် မိသားစု စုံစုံလင်လင် သွားဖြစ်တယ်။
၂) သွားရန်လွယ်လွန်းလို့  မရောက်ဖြစ်တဲ့ ဘန်ကောက်ကို မိသားစုနဲ့ ရောက်ဖြစ်တယ်။
၃) ၀ယ်ထားတဲ့ D90 နဲ့ဓါတ်ပုံ အများကြီးရိုက်ဖြစ်ပေမဲ့ စိတ်တိုင်းမကျသေးဘူး။


၂၀၀၉ မှာကျန်တဲ့ နောက် ၆လ ဘာတွေလုပ်ဖို့ ရှိလဲ။
၁) ခရီးကတော့ ကွေ့ လင် - တရုတ်ပြည် ကို သွားဖြစ်မယ်ထင်တယ်။
၂) ဘလော့ကို ၁လ ၅ပုဒ်လောက် ရေးဖြစ်အောင် ကြိုးစားမယ်။
၃) D90 နဲ့ပုံကောင်းကောင်းထွက်အောင် ကြိုးစားရမယ်။ (ကောင်မလေးပုံတွေ ဦးစားပေး ရိုက်ပါမယ်။... မျှော်)
၎) မွေးနေ့ ပွဲတွေ တန်းစီနေတယ်။ ကျွန်တော့ မွေးနေ့ က နိုဝင်ဘာလ ၅ ရက်မှာပါ။ (ဆုတောင်းပေးပါ၊ လက်ဆောင်ပေးပါ၊ စိတ်မဆိုးဘူးနော်။)
၅) ထီပေါက်အောင် ထီထိုးရမယ်။ (၀ယ်စရာတွေများနေတယ် - တပ်ခ်ျဖုန်းတစ်လုံး၊ လက်တော့ပ် နှစ်လုံး၊ LCD တီဗီ တစ်လုံး၊ ကင်မရာ လင့်စ် သုံးလေးငါးခုလောက်ပေါ့၊ ရှိသေးတယ်..လတ်တလောတော့ ဒီလောက်ပဲပြောထားမယ်။ လောဘကြီးလှကြီးလားလို့ပြောရင် ... လက်ရှိဖုန်းက နှစ်နှစ်ရှိပြီ၊ လက်တော့ပ်က လက်ရှိ မရှိလို့ပါ၊ တီဗီဆို ပိုသနားဖို့ကောင်းတယ်... အခုအိမ်မှာ တီဗီမရှိဘူး၊ LCD Monitor နဲ့ TV BOX တွဲပြီးကြည့်နေရတယ်၊ ကင်မရာလင့်စ်က တစ်ခုတည်းသော တစ်ခုပဲရှိတယ်.... သနားဖို့ မကောင်းဘူးလား။ ဟီဟီ)
၆) မိန်းမရဖို့ ကိန်းမရှိပါ။ (လက်ဖွဲ့ ဖို့ ပြင်ထားသူများ လက်ဖွဲ့ ကြီးကြီးပေးနိုင်ရန် ထပ်ဆုထားပါ။)
၇) အလုပ်ပြောင်းရန် ကိန်းမရှိပါ။ နံပါတ် ၅ တာအောင်မြင်သွားရင်တော့ မပြောတတ်ပါ။

လာရောက် ဖတ်ရှုသူ အားလုံး နောင်လာမည့် နှစ်ဝက်မှာ လိုအင်ဆန္ဒပြည့်ဝပြီး ကျန်းမာပျော်ရွှင်ကြပါစေလို့  ဆုတောင်းလျက် .....

Thursday, June 25, 2009

Search Engine

ဒီ IT ခေတ်မှာ Search Engine ပေါင်း ဘယ်လောက်ရှိလဲ လို့ မေးရင် အဖြေ နှစ်ခုရမယ်လို့ ထင်တယ်။ ပထမတစ်မျိုးက အများကြီးပဲ ရေတွက်လို့ တောင် မရဘူးလို့ ပြောမယ်။ ဒုတိယတစ်မျိုးက နှစ်ခုပဲရှိတယ်၊ Yahoo နဲ့  Google. ကျွန်တော်ကိုမေးရင် အဖြေက "အများကြီးရှိပေမဲ့ ကျွန်တော် ဒီနှစ်ခုပဲ သိတယ်။" ဒီနှစ်ခုလုံးကိုပဲ နေ့ တိုင်းနီးပါး သုံးဖြစ်တယ်။ အဆင်လဲပြေပါတယ်။ ဟိုအရင် တုံးကဆိုရင် Website Link တွေကမှတ်ထားရတယ်။ နောက်ပိုင်းကျတော့ Favorite မှာထည့်ထားရတယ်။ အခုကျွန်တော်သိတ်မမှတ်တော့ဘူး။ ခတ်မှန်းနာမည်ကို Search ကြည့်လိုက်ရင် နီးစပ်ရာ Links တွေ အမှန်အကန် Links တွေပေါ်လာရောပဲလေ။ ( ရုံးကကောင်မလေး တစ်ယောက်ဆိုရင် MS Word မှာ စာတစ်စောင်ရေးတာ စာလုံးပေါင်းက ၈၀% မှားတယ်။ သူကစာတစ်လုံးရိုက်ပြီးတိုင်း စာလုံးအောက်မှာ လိုင်းနီနီလေး ပေါ်လာရင် စာလုံးလေးကို Right click ပြီးအမှန်လေးကို ရွေးလိုက်ရုံပဲလေ။ Microsoft ရဲ့ Grammer check လေးကအသုံးကျပါတယ်လေ။ Vocabulary တွေဘာတွေ ကျက်စရာ မလိုတော့ဘူး၊ ကောင်းမကောင်းကတော့ ကိုယ်တိုင်ပဲ စဉ်းစားကြည့်လိုက်ပါတော့) ကျွန်တော်ပြောချင်တာတွေ ဝေးသွားပြီ။ ပြောချင်တဲ့ Search Engine အသစ်လေးတွေကို ဒီနေ့  စာအုပ်တစ်အုပ်မှာ ဖတ်လိုက်ရတယ်။ စာအုပ်မှာတော့ နဲနဲ ပါးပါး ရှင်းထားတယ်။ မဖတ်ခင်တုံးကတော့ ချက်ချင်းခေါင်းထဲ ၀င်လာတာက ဒီတောင်းထဲက ဒီအသီးပဲပေါ့လေ။ အိမ်ရောက်တော့ မထူးပါဘူး ဆိုပြီး ပေးထားတဲ့ Link ကိုရိုက်ပြီး နဲနဲပါးပါး လျှောက်လုပ်ကြည့်လိုက်တယ်။ ဘယ်လို အသီးလဲဆိုတာ ရှာကြည့်ပါ။

Bing - www.bing.com
Bing ပေါ်မြင်တဲ့ ကျွန်တော့ အမြင်ကတော့ Microsoft ကငါရဲ့ Windows Base မှာဟိုနှစ်ကောင် ပိုက်ဆံတွေလာလာယူ သွားတာ၊ ဘာလို့ ငါဟာ ဟာမယူရမှာလဲဆိုပြီး လုပ်လိုက်သလိုပဲ မြင်တယ်။ မတူတာကတော့ သူက Product တစ်ခုခု Search လိုက်ရင် Web Links တွေအပြင် Manual တို့ ၊ Price တို့  ၊ User reviews တို့ ကိုပါ Compare လုပ်ပေးသေးတယ်။ ကောင်းတာကတော့ ပုံမှန် Search Engine လို Link တွေပဲပြတာ မဟုတ်ဘူးလေ။ သတိတစ်ခုထားရမှာက ညာဘက် အပေါ်တောင့်က Location ကို USA လို့ ပြောင်းလိုက်ရင် အချက်အလက် ပိုမို စုံစုံလင်လင်ရတာပဲ။ အခြားနေရာတွေကတော့ လာမှာပေါ့ ဖြေးဖြေးပေါ့။

Wolfram Alpha - www.wolframalpha.com
ပုံမှန်ဆိုရင် Search မှာ Key Word တွေပဲ ထည့်ရှာကျတယ်မဟုတ်လား။ ဒီ Link က Sentence တစ်ခုလုံးထည့်ပြီး ရှာကြည့်လို့ ရတယ်။ ဥပမာ - How old is Bill Gates. ကျွန်တော် လျှောက်စမ်းကြည့်တော့ သိတ်မသုံးတတ်သေးဘူး။ သူက Analysis တွေ Graphic တွေ Changing တွေကို ဦးစားပေးတယ်လို့ မြင်တယ်။ စမ်းကြည့်ပါ Knowledge ယူဖို့ မဆိုးတဲ့ နေရာလေးတစ်ခုပါပဲ။

Hunch - www.hunch.com
အကောင်းဆုံးက စမသုံးခင်မှာ Register လုပ်ထားပြီး သုံးရင် ပိုမှန်တယ်။ ဥပမာ iphone ၀ယ်သင့်မ၀ယ်သင့် စဉ်းစားနေရင် သုံးလို့ ရတယ်။ သူက မေးခွန်းတွေအများကြီးမေးမယ်။ ကိုယ်ကတစ်ခုချင်းစီဖြေပေါ့။ နောက်ဆုံးမှာသူက % နဲ့ ဝယ်သင့် မ၀ယ်သင့် ရှင်းပြတယ်။ မေးခွန်းတွေကို အကုန်လုံးမဖြေပဲ ဖြေချင်သလောက်ဖြေပြီး တစ်ဝက်ကနေ Result ထုတ်လဲရပါတယ်။

Google Squared
ဒါကစာအုပ်ထဲကမဟုတ်ဘူး။ သူများ Blog မှာဖတ်ဖူးတာကို သတိရသွားလို့  ဆိုင်မယ်ထင်တာနဲ့  ထည့်လိုက်တာပါ။ Google ကလဲ သူရဲ့ ထိုင်ခုံကို ဘယ်အထိခံမလဲ။ Google Squared အကြောင်းကို Nyi Mi San ဘလော့မှာ သွားဖတ်ရှုနိုင်ပါတယ်။ (ညွှန်းလိုက်ပါပြီ .. ညီမင်းစံ)

လာရောက်ကြည့်ရှုသူ အပေါင်း Search နိုင်ကြည့်ပါစေသတည်း။

Monday, May 25, 2009

ကျိုင်းတုံသို့  ၁ - လေဆိပ် ၃ ခု

၁၂ နာရီအတွင်းမှာ လေဆိပ် ၃ ခုကိုရောက်လိုက်ရတယ်။ ပြောရရင်တော့လဲ သိပ်မထူးဆန်းပါဘူးလေ။


လေဆိပ် ၁ - ဟောင်ကောင်လေဆိပ်
လေဆိပ်ကို အစ်ကိုကောင်းမှုနဲ့  မာစီးတီး စီးပြီး သွားလိုက်ရတယ်။ အလကားစီးရတယ် ဆိုပေမဲ့လဲ ကားဆရာကို တစ်ပ် ၅၀ပေးလိုက်ပါတယ်။ လေဆိပ် Terminal 2 မှာလူစုံတော့ Check In လုပ်ပြီး Food Court မှာ ညစာသွားစားလိုက်တယ်။ စားပြီးတော့ Terminal 2 ကနေ ရထားစီးပြီး Terminal 1 ကိုသွားလိုက်တယ်။ စောနေသေးတာနဲ့ ရထားကို ဆက်မစီးပဲ တစ်ဝက်ကနေ ဆင်းပြီး "Y" ပုံစံ အဆောက်အအုံ ရှိတဲ့ Terminal 1 ကို အစကနေစလျှောက်တယ်လေ။ ဘတ်ကျပ် အဲလိုင်းပီပီ ဟိုအဝေးဆုံးမှာ သွားစီးရတယ်။ ဂိတ်ရောက်တော့ လေယာဉ်ကဆိုက်နေပြီ။ လူတွေတောင် မဆင်းသေးပေမဲ့ တက်မဲ့ ခရီးသည်တွေကို တန်းစီးခိုင်းနေပြီး ဆင်းတဲ့ လူတွေကုန်လို့  ၁၀ မိနစ်တောင်မကြာလိုက်ဘူး၊ စတက်လို့ ရပါပြီ။ ကျွန်တော်တော့ ထိုင်လို့  ၅မိနစ်တောင်မရှိသေးဘူး လေယာဉ်က တံခါးပိတ်ပြီး စထွက်နေပြီ၊၊ သဘောပေါက်လိုက်တာက ဟောင်ကောင်မှာ ဒီလေယာဉ်ကြာကြာနေရင် ပိုက်ဆံပိုပေးရမှာ ဆိုးလို့ ပဲ။ ည ၈း၄၅ အချိန်မှန်စွာ လေယာဉ်ထွက်ပါတော့သည်။
လေယာဉ်ပေါ်မှာ လေယာဉ်စာမကျွေးပေမဲ့ အစာစားနဲ့  အအေးတွေလိုက် ရောင်းပါတယ်။ ညစာစားပြီးသားဆိုတော့ အအေးဝယ်သောက်မိတယ်။ ထင်ထားသလို ကောင်းကင်ပေါ်မှာ ၀ယ်တယ်ဆိုတော့ အရမ်းဈေးကြီးမယ်ထင်နေတယ်၊ ထင်သလောက် ဈေးမကြီးပါဘူး။ အအေးတွေက ဟောင်ကောင် ၁၀ ပဲ။ စားစရာတွေက ဟောင်ကောင် ၂၅လောက်ပဲ ကျတယ်။ မဆိုးပါဘူး။


ဟိုတယ် လင်မွန်ဆင်း (မားစီးတီးကားပါ ခင်ဗျား)


(Hong Kong လေဆိပ် Terminal 1 ရဲ့ "Y" အစ - ရး၅၀)


(လေယာဉ်ပေါ်တက်ခါနီး - ၈း၁၂)

လေဆိပ် ၂ - ဘန်ကောက်လေဆိပ်
နာရီဝက်လောက်စောပြီး ည ၁၁ တောင်မရှိသေးဘူး လေယာဉ်က ဘန်ကောက်ကိုရောက်လာတယ်။ နောက်နေ့  ၆း၃၀ မှာ ဒီလေဆိပ်ကနေပဲ ချင်းလိုင်း ကိုသွားဖို့ ဆိုတော့ အပြင်မထွက်တော့ဘူးလို့ ဆုံးဖြတ်ပြီး လေဆိပ်မှာပဲ နေလိုက်ပါတယ်။ ကော်ဖီဆိုင် တစ်ဆိုင်မှာ အစာနဲနဲစားပြီး နေရာကောင်းကောင်းမှာအိပ်ဖို့  လျှောက်ရှာကြည့် လိုက်တော့ Arrival ရဲ့ ဘယ်ဘက်အစွနှ်ဆုံးနေရာလေးက မဆိုးဘူးလေ။ (တခုသတိထားရမှာက ဘန်ကောက်လေဆိပ်က ညကျရင် International Arrival ဘက်ကို ၀င်ချင်တိုင်း ၀င်လို့ မရဘူး။ ပတ်စပို့ စ်ပြ မှပဲ သွားလို့ ရတယ်။) လူကကြောင်တောင်တောင်တွေဖြစ်ပြီး အိပ်လို့ မရလိုက်ပါဘူး။ အစ်ကိုလဲ မအိပ်ပဲ ကားတွေလျှောက်မေး၊ ဟိုတယ်တွေမေး ပြီးတော့ ဖုံးကဒ် ၁ ခုဝယ်လုပ်နေတယ်။ နောက်တော့ ကျွန်တော်လဲ အဆင်ပြေအောင် ဖုံးကဒ် နောက်တစ်ခု ၀ယ်လိုက်တယ်။ နံနက် ၄း၃၀ နာရီလောက်ရောက်တော့ Check In မှာပဲစောင့်တော့မယ်ဆိုပြီးတော့ ချီတက်သွားကြတယ်။ ၅း၃၀ လောက်မှာမှ Check In လုပ်ပြီး လေဆိပ်ထဲဝင်လာတာ ကျွန်တော်တို့ က အစောဆုံးပါပဲ။ (ဒီလို နောက်တခါ မဖြစ်အောင် စီစဉ်ရမယ်လို့ ပဲ ပြောလိုက်ပါတယ်လေ။) လေယာဉ်ကတော့ အချိန်မှန် ၆း၃၀ မှာပျံသန်းပါတော့တယ်။


(ဘန်ကောက်လေဆိပ်)


(လူတွေ ဘယ်မှာလဲ။)

လေဆိပ် ၃ - ချင်းလိုင်းလေဆိပ်
၁ နာရီ ၁၀ မိနစ်လောက်ပဲပြန်လိုက်ရပြီး ချင်းလိုင်းလေဆိပ်လေးကို ဆိုက်ရောက်ပါတော့တယ်။ Local လေဆိပ်လေးဆိုတော့ သေးသေးလေးပါပဲ။ Tube နှစ်ခုရှိပေမဲ့ အဲဒီမှာ မရပ်ပါဘူး။ လေယာဉ်ကဆင်းတော့ နဲနဲလမ်းလျှောက်မှပဲ Terminal ထဲကိုရောက်တယ်။ ပစ္စည်းတွေက ချက်ချင်းနီးပါး ရောက်လာတယ်။ ဘုရားလေးတစ်ဆူ ရှိတော့ ဒီခရီး အစစအရာရာ အဆင်ပြေပါစေလို့  ဆုတောင်းပြီး ကျွန်တော်တို့ ရဲ့ ခရီးစင်ကို စလိုက်ပါတော့တယ်။


(ချင်းလိုင်းလေဆိပ်လေးပါ။)


Tuesday, May 19, 2009

ကျိုင်းတုံ သွားခါနီးနှင့် ပြန်လာပြီးသောအခါ

ပြန်လာပြီးသောအခါ
ကျိုင်းတုံက ပြန်လာတာ ၂ ပတ်တောင်ကျော်သွား ပေမဲ့ လုံးဝကို မအားဘူးလေ။ ဘာတွေလုပ်နေလဲဆိုတော့လဲ ဘာမှရေရေ ရာရာ မရှိဘူး။ ပြန်လာကတည်းက ဗိုက်ကလဲ သိတ်မကောင်းတာ ဒီနေ့ အထိပဲ။ (မြန်မာပြည်နဲ့  ယိုးဒယားမှာ ဘာမှ မဖြစ်ပဲ ဟောင်ကောင်ပြန်လာမှ မအီမလဲ ဖြစ်နေတယ်။) နောက်လုံးဝ မအားရတဲ့ အကြောင်းရင်းက ဓါတ်ပုံကြောင့်ပါပဲ။ မြန်မာပြည်မှာ ပုံပေါင်း ၃၀၀၀ ကျော်၊ ယိုးဒယားမှာ ၂၀၀၀ ကျော် ကို ကင်မရာ ၀ရန်တီရှိတုံး အားရပါးရရိုက်လိုက်တယ်။ သူငယ်ချင်းတစ်ယောက်က ပြောဘူးတယ် DSLR ကို DC လိုမသုံးပါနဲ့ တဲ့။ Setting တွေဘာတွေနဲ့ ရိုက်လို့ ပြောပေမဲ့ ဒီတစ်ခေါက်ကတော့ Quality ထက်စာရင် Quantity ကိုဦးစားပေးလိုက်ပါတယ်။
ပြန်ရောက်တဲ့နေ့ ကဆိုရင် မိုးကလဲချုပ်၊ လူကလဲပင်ပန်း၊ နောက်နေ့ ရုံးကလဲရှိတော့ ဓါတ်ပုံတွေကို ပြန်တောင်မကြည့်နိုင်ပဲ အိပ်လိုက်ရတယ်။ နောက်နေ့ ရုံးကဆင်းတော့ ဓါတ်ပုံထုတ်မယ်ပဲရှိသေးတယ် မျှော်နေသူ ကို TZA ကတောင်းတော့တာပဲ။ သူကလဲ မျှော်နေတာ ကြာရော့ပေါ့၊ ဒီကလဲ ကျိုင်းတုံက ထွက်လာပြီး ဖြောင့်ဖြောင့်မတ်မတ် ပြန်မလာပဲ ယိုးဒယားမှာ ၁ ပတ်လောက် သဝေထိုးနေတာကို။ ဒီကထုတ် ဟိုကိုပေး (ပေးဆိုလို့  Gtalk ထဲကိုပဲ ပုံတွေဆွဲဆွဲပေးနိုင်တယ်။ သူကတော့ resize ပါလား gmail ပါလားလို့ ပြောပေမဲ့ ကိုယ်ကလဲ ကိုယ်ဒုက္ခနဲ့ ကိုယ်)။ ထုတ်လိုက် ပေးလိုက် ချက်လိုက် ပြုတ်လိုက် ကျော်လိုက် .. ရင်း HDD က Full သွားရော။ ဒီတော့ကာ External HDD ကိုပုံအဟောင်းတွေရွေ့ ရပြန်ရော။ ၃ ရက်လောက်ကြာမှပဲ မျော်နေသူ ကို TZA ကို Resize လုပ်ပြီးပို့ ပေးနိုင်တော့တယ်။ နောက် webshot ပေါ်တို့  Facebook ပေါ်တို့  upload၊ ကျန်နေသော မျှော်နေသူ ကို Share လုပ်။ ဒီ ၃၊ ၄ ရက်မှပဲ မကောင်းတဲ့ပုံတွေကို Delete လုပ်နိုင်တော့တယ်။ ဇတ်လမ်းကမပြီးသေးဘူး၊ ပုံတွေကို DVD မှာ မီးရှို့ပေးရအုံးမယ်၊ ဆိုင်မှာကူးဖို့  ရွေးရအုံးမယ်။ အမှတ်တရလေး ဖြစ်သွားအောင် ပါးပါးကို သမိုင်းကြောင်းနဲနဲရေးခိုင်းပြီး DVD မှာတစ်ခါထဲ ထည့်ပေးရအုံးမယ်။ အခုပြောနေတာယိုးဒယားပုံတွေ မပါသေးဘူး။ ဒီ weekend မှာတော့ အကုန်လုံးနီးပါးကို အဆုံးသတ်ဖို့  စဉ်းစားထားတယ်။ ကျွန်တော့ DSLR ကလဲ ပြန်လာကတည်းက အသားမည်းသွားလို့ လား မသိဘူး၊ အိမ်တွင်းပုံးလုပ်နေတာ တစ်ခါမှကို အပြင်မထွက်ရသေးဘူး။ (အသက်တော့ ရှိသေးမယ် ထင်တယ် .. ဟီဟီ)


သွားခါနီး
4G တစ်ကဒ် အပြင်ကို သွားခါနီး 8G တစ်ကဒ်ဝယ်လိုက်တယ်။ သွားတဲ့နေ့ က အစ်ကိုက သူကင်မရာ အတွက် 4G တစ်ကဒ်ဝယ်ပြီးမှ သူ့ ကင်မရာက Max 2G ပဲ support တယ်ဆိုပြီး ကျွန်တော်ကိုပေးတော့လဲ အားနာနာနဲ့ ယူလိုက်တာပေါ့။ ချုံပြောရရင်တော့ Trip တစ်ခုလုံး 16G ကိုသိတ်မလောက်ချင်ဘူး။ ပြန်တဲ့ နောက်ဆုံးနေ့ ကဆိုရင် ထပ်ရိုက်စရာမရှိမှာစိုးလို့  နဲနဲတောင် Delete လုပ်လိုက်ရသေးတယ်။


Sunday, April 19, 2009

ကျိုင်းတုံ - စောင့်နေပါ

မရေးတာကြာပြီ ဖြစ်တဲ့အတွက် ရေးလိုက်ပါပြီ။

ကျွန်တော် ကျိုင်းတုံပြန်လည်ဖို့  နေ့ရက်တော့ နီးတထက်ထက် နီးလာပြီ။ နောက်ဆုံးတစ်ခေါက် ကျိုင်းတုံကထွက်လာတာကို မမှတ်မိတာတော့ အမှန်ပဲ။ ခန့် မှန်းခြေပြောရရင်တော့ ၂၁ နှစ်ရှိပြီလို့ ထင်တာပဲလေ။