Sunday, August 9, 2009

ကျိုင်းတုံသို့ 4 - မဲ့ဆိုင် နှင့် တာချီလိတ် - 22 April 2009

ရွှေတြိဂံက ပြန်လာပြီးတော့ မဲ့ဆိုင်မြို့ လေးထဲက ပါပါးတပည့် အခြားတစ်ယောက်ဆိုင်မှာပဲ နေ့ လည်စာစားသောက်ကြပါတယ်။ စားသောက်ပြီးတော့ နေ့ ခင်းကြောင်တောင်ကြီးဆိုတော့ လူကြီးတွေကို ဆိုင်မှာပဲ နေပြီး စကားပြော နေခဲ့ဖို့ ပြောပြီး ကျွန်တော့တို့ က အပြင်ထွက်လာကြတယ်။ ပါပါးကတော့ လေယာဉ်ပေါ်ကဆင်းကတည်းက ပြောလိုက်ရတဲ့ စကားက အသံဝင်သွားတဲ့ အထိပဲ။ (နောက် ၂ ရက် အကြာ 24 April မှာ တကယ်ကို အသံဝင်သွားပါတယ် ခင်ဗျား) ကိုကိုး နဲ့ ကျဲကျဲက သူတို့  အလုပ်လုပ်ဖူးတဲ့ ဆိုင်တို့  နေဖူးနေတဲ့ နေရာတို့ ကို ကြည့် ပြီး ပီတိတွေ ဖြစ်နေတာပေါ့။ ကျွန်တော်ကတော့ ရောက်ဖူးတယ် ဆိုပေမဲ့ ငယ်လွန်းတော့ ဘာမှ ခေါင်းထဲမှာ မရှိဘူး။ ဈေးထဲသွားပြီး လျှောက်ကြည့် ပြီး သဘော်သီးသုတ်စား မြင်းခွာရည် သောက်ကြတာပေါ့။


နှစ်နိုင်ငံသွား တုတ်တုတ်လေးပါ

ညနေ ၄ နာရီလောက်ကျတော့ မဲ့ဆိုင်ကနေ တာချီလိတ်ဘက်ကို ကူးဖို့ အသင့် ဖြစ်ပြီး ပါပါး သူငယ်ချင်းတပည့် စုစုတစ်ယောက်က တုတ်တုတ်တစ်စီးငှားပြီး ပစ္စည်းအကုန်တင်လိုက်တော့ သယ်စရာမလိုတော့ဘူးလေ။ နောက်သူပဲ လိုက်ပို့ ပြီး ယိုးဒယား လူဝင်မှုကြီးကြပ်ရေးကိုဖြတ်ပြီး တံတားပေါ်ရောက်တော့ ပါပါးတပည့် အာရီးတစ်ယောက်လာကြိုတယ်။ သူက တော်တော်ပိုင်တော့ အားလုံးနီးပါးလုပ်ထားပြီးသား။ ဓါတ်ပုံလေး ရိုက်ပြီးတော့ အပြင်မှာ ခဏစောင့်လိုက်တာနဲ့ အားလုံးအိုကေသွားတယ်။ တံတားပေါ်က ဆင်းလိုက်တဲ့ ဈေးတန်းထဲ ၀င်လိုက်တာနဲ့ လှုပ်လို့ တောင်မရတော့ဘူးဗျာ။ ဆိုင်တိုင်းလိုလိုမှာ ပါပါးနဲ့ မာမားကို သိတဲ့လူတွေက ထွက်ပြီးနှုတ်ဆက်လိုက်တာ ပျော်စရာကြီးပါ။ အရှေ့ကိုဖြေးဖြေးချင်းတိုးနေတာ ခရီးတွင်မှာ မဟုတ်တာနဲ့  အာရီးတစ်ယောက်က နောက်မှပြော၊ ညမှပြော ဆိုပြီးအတင်းခေါ်ထုတ်လိုက်ပြီး ကမ်းနားဟိုတယ်ကို ရောက်လာပါတယ်။ (ကမ်းနားဟိုတယ်က ပါပါးတပည့်ဖွင့်ထားတဲ့  ဆိုင်ပါ။) သူမဟိုတယ်က ယိုးဒယားနဲ့ ချောင်း (မြောင်း) တစ်ခုပဲခြားပါတယ်။


နေမ၀င်ခင် ကမ်းနားဟိုတယ်


ဟိုဖတ်ခြမ်းက ယိုးဒယားပါ

ကျွန်တော်တို့  ခဏနားပြီးတော့ သူတို့ က ကားနဲ့ လာခေါ်ပါတယ်။ စားသောက်ဆိုင်တစ်ခု (Regina) မှာ ပါပါးတို့ ကို ကြိုဆိုပွဲလေးပေါ့။ နောက်မှ သိတာက စားသောက်ဆိုင် အောက်မှာ Casino ရှိတယ်တဲ့။ စောစောသိရင် အလှူလေးပါလေး ထားခဲ့မလို့ ပါ။ စားဝိုင်း ၃ ၀ိုင်းပါ။ သူငယ်ချင်းတွေ၊ တပည့်တွေ ၀ိုင်းနှုတ်ဆက်ကြတာ ပါပါးဆို နောက်ဆုံးဘယ်သူက ဘယ်သူမှန်းတောင် မသိတော့ဘူး။ သူတို့ တွေက လာနေကြနဲ့ တူတယ်၊ သီချင်းတက်ဆိုလိုက် ကလိုက်နဲ့  သူတို့ ကို သူတို့ လဲ ပျော်နေတာပဲ။ ကိုကိုးနဲ့  ကျဲကျဲကို တော့ လူတိုင်းနီးပါးသိပြီ နှုတ်ဆက်ကြပါတယ်။ ကိုကိုးရုပ်က အနှစ်၂၀ ပြောင်းမှမပြောင်းတာ။ ကျဲကျဲကလဲ မာမားငယ်ငယ်တုန်းက ရုပ်နဲ့ တော်တော်တူတော့ ကိုကိုးနဲ့  အတူနေရင် လူတိုင်းက သားသားနဲ့ မီးမီး ဆိုတာသိတယ်။ ကျွန်တော့ ကိုတော့ ၁၀ ယောက်မှာ ၉ယောက်ခွဲ မသိပါဘူး။ အင်းပေါ့လေ ကျိုင်းတုံကထွက်သွားတုန်းက ကျွန်တော်က ၄ပေ လောက်ပဲ ရှိတဲ့ ၅နှစ်သား ကလေး ငချွတ်။ အခုတော့ ၅ ပေ ၉ လက်မ ရှိတဲ့ (ကြော်ငြာဝင်သွားတာပါ) လူငယ်လေး (ဒါလဲကြေငြာပဲ) ပေါ့လေ။ (ကျွန်တော့ တို့ရဲ့ ဆင်ဖြူတော် (ပါပါးနှင့် မာမား)ကို မီပြီး ကြံစုတ်ရတဲ့ ခရီးစင် စပါပြီး) စားပြီးသောက်ပြီး အားလုံးကို နှုတ်ဆက်ပြီး လိုက်ပို့ တဲ့ကားလေးနဲ့  ဟိုတယ်ကို ပြန်ပြီးအိပ်ကြတာပေါ့။ မနေ့ ညက မအိပ်လိုက်ရတဲ့ ဒုက္ခကို ဒီညမှပဲ ကုတင်ပေါ်မှာ ကောင်းကောင်း အိပ်ရတော့မယ်။

ယိုးဒယားကနေ တာချီလိတ်ကို ကူးဖို့  လုံးဝကူညီပေးသော စုစု နှင့် အာရီး သော်လည်းကောင်း၊ ဟိုတယ်ဖိုး မယူလိုက်တဲ့ အာရီး သော်လည်းကောင်း၊ ညစာကျွေးလိုက်တော့ အားလုံးအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။


စာခါနီးလေး


အားလုံးအားလုံး ဆိုတာ သူတို့ ပါ။

အပို
အရင်တုန်းက မဲ့ဆိုင်နဲ့  တာချီလိတ်ကို ဘာစာရွတ်စာတန်းမှ မလိုဘူးလိုပဲ (မှတ်မိသလောက်ပါ၊ မှားရင်မှားမယ်နော်။) အခု ပတ်စပို့ စ်ကိုင်ထားရင် (မြန်မာစာအုပ်ကလွဲလို့ ) ယိုးဒယားက ထွက်တဲ့ အခါ အထွက်တုံးထုတယ်။ ပြီးရင် နယ်စပ်တံတားပေါ်မှာ ကားလမ်းကူးရတယ်။ အကြောင်းက မြန်မာနဲ့  ယိုးဒယားကားလမ်းက ပြောင်းပြန်လေ။ ပြီးရင် မြန်မာ လူဝင်မှုကြီးကြပ်ရေးကို ၀င်ရပါတယ်။ အဲဒီမှာ ပတ်စပို့ စ်ကို ထားခဲ့ရပါတယ်။ ၀က်ကင် နဲ့  ဓါတ်ပုံ ရိုက်ပြီး စာရွတ် (စက္ကူ)တစ်ရွတ်ထုတ်ပေးပါတယ်။ ပတ် ၅၀၀ ပေးရသလိုပဲ။ အဲဒီ စာရွတ်နဲ့ တာချီလိတ်၊ ကျိုင်းတုံ နှင့် မုန်းလိုင်းကို သွားလို့ ရတယ်။ နှစ်ပတ် ရပါတယ်။ ဒီစာရွတ်က အရေးကြီးတယ် ကားစီးပြီး ကျိုင်းတုံသွားရင် ကားသမားက ဒီစာရွတ်နဲ့  အတုံးပေါင်းစုံကို လမ်းတစ်လျှောက် ထုရတယ်။ ဟိုတယ်က ဧည့်စာရင်းတိုင်ရမယ်။ နောက်ဆုံး မြန်မာပြည်က ထွက်ရင် ပတ်စပို့ စ်ပြန်ထုတ်လို့ ရမှာ။

ကျိုင်းတုံသို့ ၃ - ရွှေတြိဂံ - 22 April 2009

နံနက်စာ စားသောက်ပြီး မဲ့ဆိုင်ကို အရင်သွားပြီး ပတ်စပို့ ဒ်တွေသွားပေးပြီးနောက် ရွှေတြိဂံကို ပြန်ထွက်လာကြတယ်။



ရွှေတြိဂံ - အရမ်းကို လျှို့ ဝှက်ဆန်းကြယ်ပြီး ကမ္ဘာကျော်နေရာတစ်ခုပါ။ လျှို့ ဝှက်ဆန်းကြယ်တယ် ဆိုတာက အရင်းတုန်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကမ္ဘာကျော်ရတဲ့ အကြောင်းရင်းက ဘိန်းထွက်လို့ ပဲ။ အမှန်ပြောရရင် ရွှေတြိဂံက ဘိန်းမထွက်ပါဘူး။ ဒါကိုတော့ ကျွန်တော်အရင်ကတည်းက သိပါတယ်။ သူအနီးအနားက တောင်တန်းတွေနဲ့ ရွာတွေမှာပဲ စိုက်ကြပျိုးကြတာပါ။

အခုခေတ်ကြီးမှာ လူတိုင်းသွားလည်လို့ ရတဲ့ နေရာဖြစ်နေပါပြီ။ မြန်မာပြည်ဘက်ကတော့ မရသေးဘူးထင်တယ်။ ကျွန်တော်တို့ က ထိုင်းဘက်ကသွားတာ။ ဟိုနားရောက်ခါနီး လမ်းပေါ်မှာ သူတို့ က ဟိုနားက အဆောက်အအုံတွေက လောင်းကစားဝိုင်းပဲတဲ့၊ နေရာကတော့ မြန်မာပြည်ပေါ်မှာတဲ့။ ခဏနေတော့ ရွှေဘုရား ကြီးကြီးတစ်ဆူကို ရောက်ပြီး အဲဒီမှာပဲ ဆင်းပြီး ရှူခင်းတွေကြည့်ကျတာပေါ့။ အဲဒီကနေ နိုင်ငံသုံးနိုင်ငံ၊ မဲခေါင်မြစ် နှင့် မြန်မာ ယိုးဒယားကြားက ချောင်းတစ်ခုကိုကောင်းကောင်း မြင်ရတယ်။ ပြီးတော့ သူတို့ ကထပ်ရှင်းပြတယ် .. ဟိုနားကအဆောက်အအုံတွေက လောင်းကစားဝိုင်းအတွက်ဆောက်နေကြတာတဲ့၊ အဲ မတူတာကတော့ အခု အသစ်တွေက လောနိုင်ငံ အပေါ်မှာပါ။ ကျွန်တော်ကလဲ စပ်စုပြီး ဒီလောက် လောင်းကစားဝိုင်းတွေဆောက်တာ အဓိကဘယ်သူတွေလာ ကြလဲလို့  မေးလိုက်တော့ သူတို့ ကပြန်မေးတယ်။ ကမ္ဘာပေါ်မှာ လောင်းကစား အလုပ်ဆုံးက ဘယ်လူမျိုးလဲတဲ့။ အမ် နေရင်းထိုင်ရင်း ကျုပ်တို့ လူမျိုး ကဘာလို့ ပါလာပါလိမ့်လို့ ။ နောက်တော့မှသူတို့ ထပ်ပြောတယ်၊ ပိုင်ရှင်တွေက တရုတ်တွေတဲ့။ ဒီအချိန်မှာ ကျွန်တော်နားလည်လိုက်ပါပြီ။ ဟောင်ကောင်မှာတုန်းက ပါပါးက ပြောဘူးတယ်။ တရုတ်နိုင်ငံအပေါ်မှာ လောင်းကစားလုပ်လို့ မရလို့  နယ်စပ်အနီးအနားမှာ ရှာကျန်ပြီး လောင်းကစားဝိုင်းလုပ်ကျတာပါ။ (ဒီလို နေရာမျိုးတွေက တရုတ်ပြည် နယ်စပ် တောက်လျှောက်နီးပါးရှိတယ်။) ဒီမှာအတွက်ကတော့ တရုတ်ပြည်က တရုတ်တွေက တရုတ်ပြည်ကနေ မဲခေါင်မြစ်အတိုင်း Turbo Jet သဘောင်္တွေနဲ့ ဆင်းလာပြီး ရွှေတြိဂံမှာ ကစားကြတာတဲ့။ သေဘာၤက ၁ နာရီလား ၂နာရီပဲလားမသိဘူး စီးရတာတဲ့။


ရွှေတြိဂံ နှင့် ပတ်သက်နေသော နိုင်ငံ လေးခု



အခု ရွှေတြိဂံမှာ ဘာရှိလဲလို့  မေးရင် နိုင်ငံ သုံးနိုင်ငံ။ မဲခေါင်မြစ်နဲ့  ဒီမြစ်ထဲကို စီးဝင်တဲ့ ချောင်းကလေး တစ်ချောင်းရှိတယ်။ ပြီးရင် တော့ လောင်းကစားဝိုင်းရှိတယ်လို့ ပဲ ပြောရမှာပေါ့။ ဘိန်းပင်ကတော့ ကျွန်တော် မတွေ့ ခဲ့ရလို့  မသိဘူးလို့  ဖြေချင်ပါတယ်။