Friday, October 17, 2008

မှတ်မိသလောက်၊ ပတ်သက်သလောက် (အသီး)

ဒီနေ့ ကားစီးနေရင်း ခေါင်းထဲဘာဝင်လာလဲ ဆိုတော့ အသီး နဲ့  အောင်သိန်းဘယ်လို ပတ်သက်နေလဲ ဆိုတာကိုလေ။ စရမယ်ဆိုရင်တော့

စတော်ဘယ်ရီ (Strawberry)

၁၉၉၀ လောက်တုံးက မြစ်ကြီးနားသွားလည်တုံးက မိထိန်ကျဲကျဲနဲ့  စက်ဘီးလျှောက်စီးရင်း အကျဲနဲ့ ကျွန်တော်ကို စတော်ဘယ်ရီ ဖျော်ရည်တိုက်လိုက်ကတည်းက စပြီတွယ်တာသွားတော့တာပဲ။ လုံးဝမှတ်မိတာကတော့ စတော်ဘယ်ရီ ဖျော်ရည်တစ်ခွက်ကို မြန်မာကျပ်ငွေ ၂၅ကျပ်တိတိပါ။ ၁၉၉၀ တုံးက ၂၅ ကျပ်ဆိုတာ တော်တော်ဈေးကြီးတယ်လို့  ပြောလို့ ရတယ်။

၁၉၉၆ ဧပြီလတုံးက POL နဲ့ မန္တလေးသွားလည်တော့ ပြင်ဦးလွင်ကိုကားလေးနဲ့ တက်ခဲ့တယ်။ ပြင်ဦးလွင်ရောက်ရင် စတော်ဘယ်ရီ စားရမယ်လို့ ဘယ်လိုအသိရှိခဲ့တာတော့ မမှတ်မိတော့ဘူး။ နောက်ဆုံး ရုက္ခဗေဒ ဥယျာဉ်ကနေ မန္တလေးပြန်မယ်လုပ်တော့ စတော်ဘယ်ရီ မစားရသေးဘူး။ ကားနဲ့ နဲနဲပတ်ရှာလိုက်တော့ ခြံတစ်ခြံကို တွေ့ တော့တော်တော်ဝမ်းသာသွားတယ်။ ဒါမှမတွေ့ ရင် ပြန်တော့မှာကို။ ခြံအရှေ့မှာ အိမ်ဆိုင်လေးလိုလုပ်ထားပြီ အိမ်အနောက်မှာတော့ စတော်ဘယ်ရီခြံရှိတယ်။ စတော်ဘယ်ရီလက်ဖျော် တစ်ခွက် နှင့် စတော်ဘယ်ရီ အသုတ် တစ်ပွဲ ကိုအားရပါးရ စားလိုက်တယ်။ အိမ်သာသွားဖို့ သွားတော့ ခြံထဲကစတော်ဘယ်ရီလတ်လတ်ဆပ်ဆပ် ၃ လုံးခူးစားလိုက်တယ်။ ဒီအရသာကိုတော့ ဘယ်တော့မှ ပြန်ရနိုင်မယ် မထင်တော့ဘူး။ ဂျပန်ကနေ သူငယ်ချင်း ၀ယ်လာတဲ့ စတော်ဘယ်ရီက မွှေးတော့အတော့မွှေးတယ်။ ဒီလောက်မချိုတာတော့ အမှန်ပဲ။

အကြိုက်ဆုံးအသီးထဲမှာပါတယ်။ မှတ်ထားနော်။ ကြုံရင်ဝယ်ကျွေးကျပါနော်။

ဒူးရင်းသီး (Durian)

ငယ်ငယ်တုံးက လုံးဝမစားတဲ့ အသီးထဲမှာပါတယ်။ ဘာကြောင့် စားဖြစ်လဲဆိုတော့ မနာလို လို့ ။ ဟုတ်တယ် အသင်မျက်စိမမှားပါဘူး။ "မနာလို" လို့ ပါ။ အနော်ရထာလမ်းအိမ်က လူတွေ အကုန်ကြိုက်တယ်။ ၀ယ်ဝယ်စားတော့ မနာလို ဖြစ်လာတာပေါ့။ ဒီလောက်တော့ ပျော်ပါးစွာ စားနေကြတာ စားအုံးမှ ဆိုပြီ တစ်ဖတ်လောက်စားလိုက် ရေသောက်လိုက်နဲ့ တစ်ရက် ပြီးတစ်ရက် ကြာသွားတဲ့ အခါမှာ လုံးဝကြိုက်သွားတဲ့ အသီးထဲပါသွားရော။ ဒါကြောင့် မနာလို တာမကောင်းဘူးလို့ ပြောလို့ မရဘူးနော်။

ရန်ကုန်လမ်း ၂၀ ထိပ်မှာ ချက်ချင်းခွဲ ချက်ချင်းစား ပြီးရင်ချက်ချင်း ပိုက်ဆံပေးတဲ့ အရသာကို မှတ်မိနေသေးတယ်။

သြဇာသီး

ချိုရင်ကြိုက်တယ်၊ မှည့်ရင်ကြိုက်တယ်။ မှည့်တယ်ဆိုလို့ တစ်ခါတစ်လေ ၀ယ်လာတဲ့အသီးက မမှည့်သေးရင်စား လို့ မရဘူးလေ။ ဒါဆို ဆန်ပုံးထဲ သွားသွားထည့်ထားတယ်။ မှည့်လွယ်တယ်လို့ တော့ပြောကြတာပဲ။ မှတ်မိသလောက် ဆိုရင် တခါတုံးက သြဇာသီးအစိမ်းတစ်လုံးကို ဆန်ပုံးထဲထည့်လိုက်တာ တစ်လ ကြာသွားသောအခါ မှည့်မမှည့်တော့ မသိဘူး ပိုပိုပြီးမာလာတဲ့ တကာလမှာ ဆန်ပုံးကနေ အမှိုက်ပုံးထဲ ရောက် သွားပါလေရော။

ဖရဲသီး (Water Melon)

ရေခဲသေတ္တာ ရှားလို့ လားတော့မသိဘူး။ ဖရဲသီးဝယ်ဝယ်လာပြီရင် အိမ်ထဲက ရေတိုင်ကီထဲ အလုံးလိုက် ခဏဖြစ်ဖြစ်၊ နေ့ တစ်ဝက်ဖြစ်ဖြစ် ပစ်ထည့်ထားတတ်တယ်။ အကြောင်းကတော့ အေးအောင်လို့ တော့ထင်တာ ပဲ။ ပြောရရင်တော့ ဘာကြောင့်ထည့်လဲဆိုတာ အခုထက်ထိမသိတာအမှန်ပဲ။ ဒါပေမဲ့ အဲဒီတိုင်ကီထဲက ဖရဲသီးက ပေါ်လောပေါ်လော ပေါ်နေတာကို ကစားရတာ အရမ်းပြေတာပဲ။

အခုတော့ ဂျပန်နဲ့ ထိုင်ဝမ်ကဖရဲသီးတွေက လေးလေးတောင့်တောင့်ပုံလဲ ရှိတယ်၊ အသဲပုံလဲရှိတယ်။ ပုံပြောင်းသွားလို့ လားတော့ မသိဘူး။ ဈေးတွေက ရွှေကွတ်ထားပြီးရောင်းတယ်လို့ တောင်ထင်ရတယ်။ ဒီတစ်သက်အထိ မစားဘူးသေးတော့ ကျွေးမယ်ဆိုရင် လုံးဝစိတ်မဆိုးကြောင်း အရင်အကြောင်းကြားထားမယ် နော်။

အုန်းသီး (Coconut)

ပင်လယ်နဲ့ အုန်းပင်၊ ဘန်ဂလိုနဲ့  အုန်းသီး၊ လင်နဲ့ မယား၊ လျှာနဲ့ သွား၊ ဇွန်းနဲ့ ခရင်း၊ .. အား ဝေးကုန်ပြီ။ ချောင်းသာနဲ့  ငပလီ မှာ သွားတုံး သောက်လိုက်ရတဲ့ အုန်းရည်နဲ့  စားလိုက်ရတဲ့ အုန်းသီးကတော့ ပြောစရာမရှိအောင် (မပြောတော့ဘူး... ပြောစရာမှမရှိတာ။)

သံပရာသီး နှင့် လီမွန်သီး (Lime and Lemon)
မြန်မာပြည်မှာတုံးက လီမွန်သီးကိုမသိခဲ့ရဘူး။ ဟောင်ကောင်ရောက်ရောက်ချင်းတုံးကဆို နှစ်ခုကိုတူတူပဲလို့  တောင်ထင်ခဲ့တာ။ ဒီမှာက သံပရာသီး ရှားတယ်။ ယိုးဒယားဆိုင်မှာ လောက်ပဲဝယ်လို့ ရတယ်။

လိမ္မော်သီး နှင့် ဆန်းကစ်သီး (Orange and Sunkist)
ဒီမှာက လိမ္မော်သီး မစားကြဘူး။ ကျန်းမာရေးနဲ့  မညီညွတ်ဘူးလို့  ပြောကြတယ်။ စားရလဲ တရုတ်နှစ်ကူးဆို ရင် သေးသေးလေးတွေရှိတယ်။ ကျွန်တော်ကလဲ အဲဒီ ဆန်းကစ် ကြီးကို လက်နဲ့ ခွာလို့ မရတာကို မကြိုက်ဘူး။ ခက်တာတော့ ခက်နေပြီ။

အခြားအသီးတွေကတော့ ပြောစရာ ထွေထွေထူးထူး မရှိပါဘူး။ ဟောင်ကောင် ရောက်လာပြီးနောက်ပိုင်း အသီးတွေက ငယ်ငယ်တုံးကလို စားရတဲ့ အရသာ မရှိတော့ဘူး။

2 comments:

နေလင်း said...

အောင်သိန်းရေ...

မင်းရဲ့ ၁နှစ်နီးပါးအကြာမှာ ပြန်လည်အသက်ဝင်လာတဲ့ ပို့စ်အသစ်လေးကို အစအဆုံးဖတ်သွားပါတယ်...
အင်း... ပြင်ဦးလွင်က စတော်ဘယ်ရီကို ငါလဲသတိရတယ်ကွာ... ဟဲဟဲ...
ငါ့သူငယ်ချင်းကြီး စာအရေးအသား အရမ်းကောင်းတယ်....

အားပေးနေပါတယ်။

နေလင်း :)

နေလင်း said...

အောင်သိန်းရေ....

အသီးသီးနေတာ ကြာနေပြီနော်.. ဟဲဟဲ

ပို့စ်အသစ်လေးတွေ မျှော်နေတယ်ဗျို့ ...

ချစ်သူငယ်ချင်း..

နေလင်း :)